သင်ထင်ထားတာထက် ပိုစွမ်းတဲ့ ဗီတာမင်စီအကြောင်း
ခန္ဓာကိုယ်အတွက် အလိုအပ်ဆုံးသော ဗီတာမင်တွေထဲမှာ ဗီတာမင်စီလည်း ပါဝင်ပါတယ်။ Ascorbic acid လို့လည်း ခေါ်တဲ့ ဗီတာမင်စီဟာ ရေမှာပျော်ဝင်လွယ်တဲ့ ဗိုက်တာမင် အမျိုးအစားဖြစ်လို့ ခန္ဓာကိုယ်တစ်ရှူးတွေဆီ လွယ်ကူစွာ ရောက်ရှိနိုင်ပေမယ့် ခန္ဓာကိုယ်ထဲမှာ ကြာရှည်သိုလှောင်ထားဖို့မလွယ်ပါဘူး။ ဒါကြောင့် ဗိုက်တာမင်စီကို နေ့စဥ် စားသုံးဖို့ လိုအပ်ပါတယ်။
ငရုတ်ပွ၊ လိမ္မော်သီးနဲ့ သံပုရာသီးတို့လို ချဥ်တဲ့ အသီးတွေ၊ မာလကာသီး၊ ကီဝီသီး၊ စတော်ဘယ်ရီသီး၊ ဘရိုကိုလီ၊ ခရမ်းချဥ်သီး၊ ဆလတ်ရွက်၊ ဂေါ်ဖီထုပ် စတာတွေဟာ ဗီတာမင်စီ ကြွယ်ဝလို့ နေ့စဥ် ပါဝင်အောင် စားသုံးသင့်တဲ့ အစားအစာတွေပါ။ အပူနဲ့ အလင်းရောင်က ဗီတာမင်စီရဲ့ အာနိသင်ကို လျော့နည်း ပျက်ပြယ်စေနိုင်လို့ ကြာရှည်စွာ အပူပေး ချက်ပြုတ်ခြင်းမျိုး ရှောင်သင့်ပါတယ်။
ဗီတာမင်စီဟာ သဘာဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants) ဖြစ်ပြီး ဆဲလ်သေတွေ ဖြစ်စေတဲ့ Free Radicals တွေကို ဖယ်ရှားပေးပါတယ်။ ဗီတာမင်စီရဲ့ နောက်တာဝန်တစ်ခုက ကော်လဂျင်တွေ ထုတ်လုပ်ဖို့ ကူညီပေးရတာပါ။ ကော်လဂျင်တွေက ပျက်စီးသွားတဲ့ တစ်ရှူးတွေကို ပြုပြင်ပြီး ဆဲလ်အသစ်တွေ ပွားများစေပါတယ်။ ဒါ့အပြင် ဗီတာမင်စီက ရောဂါပိုးတွေကို တိုက်ထုတ်တဲ့ Neutrophils လို့ခေါ်တဲ့ သွေးဖြူဥတွေကို ကူညီတဲ့ လုပ်ငန်းလည်း လုပ်ဆောင်လို့ ကိုယ်ခံအား ကောင်းစေပါတယ်။
နာတာရှည်ရောဂါတွေ၊ အသက်ကြီးတဲ့အခါ ဖြစ်တတ်တဲ့ မျက်စိရောဂါတွေ၊ အအေးမိတုပ်ကွေးရောဂါနဲ့ ဂေါက်ရောဂါတွေကို ဗီတာမင်စီက ကာကွယ်ပေးနိုင်ပါတယ်။
ဗီတာမင်စီဟာ ကိုယ်ခံအားကောင်းစေတဲ့ အပြင် တခြားသော အစွမ်းသတ္တိတွေလည်း ရှိပါသေးတယ်။ ဘာတွေလဲဆိုတော့…
- ကော်လဂျင် ထုတ်လုပ်မှုကို ကူညီပြီး ဆဲလ်အသစ်တွေဖြစ်ကာ အသားအရေကို ပြုပြင်ပြီး အနာကျက်မြန်စေတဲ့ သတ္တိရှိပါတယ်။
- သွေးခဲစေတဲ့ သတ္တိရှိပြီး သွေးကြောတွေကို သန်မာစေလို့ သွေးထွက်လွယ်တာ၊ သွေးခြေဥလွယ်တာ၊ သွေးမတိတ်တာတွေ မဖြစ်အောင် ကာကွယ်ပေးတယ်။
- Antioxidants ဖြစ်လို့ Free Radicals တွေကို တိုက်ထုတ်ပေးပြီး ကော်လဂျင်ထုတ်လုပ်ရာမှာ ကူညီပေးလို့ အသားအရေ နူးညံချောမွေ့ တောက်ပစေတယ်။
- လန်းဆန်းတက်ကြွစေတဲ့ အာနိသင်လည်း ရှိပါတယ်။
- ဗီတာမင်စီ ချို့တဲ့ရင် သွားတွေနဲ့လာတာ၊ လက်သည်းခြေသည်းကျိုးလွယ်တာ၊ အရိုးကျိုးလွယ်တာ၊ အဆစ်နာတာ၊ ဆံပင်တွေ ခြောက်သွေ့ကျိုးကြေလွယ်တာတွေ ဖြစ်စေတဲ့ scurvy လို့ခေါ်တဲ့ ရောဂါကို ကာကွယ်ပေးတယ်။
- ဗီတာမင်စီ ဖြစ်တဲ့ သံပုရာရည်သောက်တာ၊ အသီးအရွက်တွေစားတာက ဝိတ်ကျစေပါတယ်။
ဗီတာမင်စီကို တစ်နေ့ 1000 mg ထက် ပိုသောက်တဲ့အခါ ခန္ဓာကိုယ်ကနေ စုပ်ယူနိုင်စွမ်းကို တစ်ဝက်ခန့် လျှော့ချပစ်တတ်ပါတယ်။ မလိုအပ်ပဲ ပိုနေတဲ့ ဗီတာမင်စီတွေက ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်စေတာမို့ ဆီးထဲကနေ စွန့်ထုတ်ပစ်ရပါတယ်။
အသီးအရွက် မစားသူတွေ၊ ဆေးလိပ်စွဲသောက်သူတွေ၊ အရက်နဲ့ ဆေးစွဲနေသူတွေမှာ ဗီတာမင်စီ ချို့တဲ့လေ့ရှိပြီး တစ်နေ့ကို ဗီတာမင်စီ ရရှိမှု 10 mg အောက် ရောက်မှသာ ဗီတာမင်စီ ချို့တဲ့နိုင်ပါတယ်။
ဗီတာမင်စီရဲ့ ကောင်းကျိုးတွေကတော့ အများကြီးပါပဲ။ ခန္ဓာကိုယ်အတွက် အမှန်တကယ် မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်မို့ နေ့စဥ်စားသုံးခြင်းဖြင့် ကိုယ်ခံအားကောင်းပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ရယူကြပါစို့။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်